Common Database စနစ် တည်ဆောက်နိုင်ရန် အတွက် အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း 

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနသည် SIM Card များ စနစ်တကျမှတ်ပုံတင်နိုင်ရေးအတွက် လိုအပ်သော Common Database စနစ် တည်ဆောက်နိုင်ရန် အတွက် အိတ်ဖွင့်တင်ဒါပေးသွင်းလိုသူများအား အောက်ပါ စည်းကမ်းချက်များနှင့် အညီ တင်သွင်းရန် ဖိတ်ခေါ်အပ်ပါသည်။ 

၁။အိတ်ဖွင့်တင်ဒါများကို တင်ဒါဖွင့်ဖောက်မည့်ရက် (၂၉-၅-၂၀၂၀)ရက်နေ့၊ (၁၃:၀၀) နာရီတွင် အိတ်ဖွင့်တင်ဒါလက်ခံရေးနှင့် စိစစ်ရွေးချယ်ရေးအဖွဲ့ ၊ ရုံးအမှတ်(၂) ၊ နေပြည်တော်ထံသို့ တင်သွင်း ရမည်။ တင်ဒါဖွင့်ဖောက်မည့်ရက်တွင် တင်သွင်းမည့်တင်ဒါများကို လူကိုယ်တိုင် ယူဆောင်လာရန် ဖြစ်ပါသည်။ တင်ဒါဖွင့်ဖောက်မည့်ရက် (၂၉-၅-၂၀၂၀)ရက်နေ့၊ (၁၃:၀၀)နာရီ ထက်နောက်ကျ၍ တင်သွင်းလာသော တင်ဒါအဆိုပြုလွှာများအား လုံးဝ လက်ခံစဉ်းစားမည် မဟုတ်ပါ။ 

၂။တင်ဒါတင်သွင်းသူများသည် အောက်ပါအချက်များနှင့်ကိုက်ညီရမည်- 

(က) နိုင်ငံအတွင်း တရားဝင်မှတ်ပုံတင်ထားသည့် ကုမ္ပဏီဖြစ်ကြောင်း အထောက်အထား နှင့်အတူ တင်ပြနိုင်ရမည်။ 

(ခ) နိုင်ငံတော်မှ သတ်မှတ်ထားသည့် အခွန်များပေးဆောင်ပြီးသည့် ကုမ္ပဏီဖြစ်ကြောင်း အထောက်အထားနှင့်အတူ တင်ပြနိုင်ရမည်။ 

(ဂ) ကုမ္ပဏီ၏ ငွေကြေးခိုင်မာမှု အထောက်အထား တင်ပြနိုင်ရမည်။ 

(ဃ) Common Database စီမံကိန်းအား အကောင်အထည်ဖော် ဆောင်ရွက်ရန်နှင့်  အဆိုပြု end to end on-site technical support Operation and Maintenance Plan အရ ‌ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များ အတွက် Local Team ဖွဲ့စည်း ထားရှိရမည်ဖြစ်ပြီး အဆိုပါဖွဲ့စည်းပုံအား တင်ပြနိုင်ရမည်။  

၃။       တင်ဒါတင်သွင်းရာတွင် အောက်ပါအချက်များ ပါဝင်ရမည်။ 

(က) တင်ဒါအာမခံကြေး    

(ခ) ဈေးနှုန်းအဆိုပြုလွှာ (မြန်မာကျပ်ငွေဖြင့်)  

ဈေးနှုန်းအဆိုပြုရာတွင် Common Database စနစ်အတွက်လိုအပ်သော Hardware များ၊ Software များ၊ လိုင်စင် စသည်များ၏ ကုန်ကျစရိတ်များအား Bill of Quantity (BoQ) ဖြင့် ကဏ္ဍအလိုက် သီးခြားစီခွဲခြား၍ (၃)နှစ်စာအတွက် နှစ်အလိုက် ထည့်သွင်းဖော်ပြရမည်။ အဆိုပြု end to end on-site technical support Operation and Maintenance Plan အရ ဆောင်ရွက်ပေးမည့် လုပ်ငန်းများနှင့် စပ်လျဉ်း၍ ကုန်ကျစရိတ်များကိုလည်း (၃)နှစ်စာအတွက် နှစ်အလိုက် သီးခြား ဖော်ပြရမည်။ 

(ဂ) နည်းပညာဆိုင်ရာ အချက်အလက်များ တင်ပြချက် (အချက်အလက်များဖော်ပြ ရာတွင် သက်ဆိုင်သည့် လိုအပ်ချက် ( REQ )အမှတ်စဉ်များဖြင့် ရည်ညွှန်းဖော်ပြရမည်)  

(ဃ)တင်ဒါတင်သွင်းသည့် ကုမ္ပဏီ (သို့မဟုတ်) လုပ်ငန်းပူးပေါင်း ဆောင်ရွက်သည့် ကုမ္ပဏီနှင့်  ABIS ထုတ်လုပ်သူတို့အကြား သဘောတူညီချက် အထောက်အထား (သို့မဟုတ်) ABIS ထုတ်လုပ်သူ၏ ခွင့်ပြုချက် အထောက်အထား၊ 

(င)လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်မည့်အစီအစဉ် (Work plan and Implementation Timeline)၊ 

(စ)SIM Registration နှင့်စပ်လျဉ်း၍ Business Logic ဆိုင်ရာအဆိုပြုတင်ပြချက်၊ 

(ဆ) တင်ဒါတင်သွင်းသည့် ကုမ္ပဏီ၏ Profile အပါအဝင် Project ကာလနှင့် Operation ကာလအတွင်း နည်းပညာပံ့ပိုးပေးမည့် အဖွဲ့၏ဖွဲ့စည်းပုံနှင့် အဓိကကျသောဝန်ထမ်း များ၏ CV နှင့် ၎င်းတို့အနေဖြင့် လုပ်ငန်းတွင် ပါဝင်ဆောင်ရွက်သွားမည့် အခြေအနေ အသေးစိတ်တင်ပြချက်၊  

(ဇ) တင်ဒါလာရောက်တင်သွင်းသူသည် လုပ်ငန်းရှင်ကိုယ်တိုင်မဟုတ်ပါက သက်ဆိုင်ရာ ကုမ္ပဏီ၏ တရားဝင် ကိုယ်စားလှယ်လွှဲအပ်စာ 

၄။  တင်ဒါတင်သွင်းရာတွင် တင်ဒါအချက်အလက်အပြည့်အစုံ ပါဝင်သော စာရွက်စာတမ်း (၂) စုံ (မူရင်း(၁)စုံ + မိတ္တူ(၁)စုံ) နှင့် soft copy (Searchable PDF Format)(၁) စုံပါရှိရမည်။ 

၅။  တင်ဒါတင်သွင်းသည့်ကုမ္ပဏီ၏ စီမံကိန်းတွင် ပါဝင်ဆောင်ရွက်မည့် အဓိကကျသော ဝန်ထမ်းအရေအတွက်သည် အနည်းဆုံး(၃)ဦးရှိရမည်ဖြစ်ပြီး (၃)ဦးထက်လျော့နည်းပါက အဆိုပါတင်ဒါတင်သွင်းမှုကို ထည့်သွင်းစဉ်းစားမည်မဟုတ်ပါ။  

၆။      နည်းပညာဆိုင်ရာ သတ်မှတ်ချက်များတွင် မဖြစ်မနေကိုက်ညီရန်လိုအပ်သည် (Mandatory) ဟု  ဖော်ပြထားသည့်သတ်မှတ်ချက်များ ကိုက်ညီမှုမရှိပါက အဆိုပါတင်ဒါတင်သွင်းမှုကို ထည့်သွင်းစဉ်းစားမည် မဟုတ်ပါ။  

၇။ တင်ဒါတင်သွင်းသူအနေဖြင့် တင်ဒါတန်ဖိုး၏ (၁%)ထက် မနည်းသည့် တင်ဒါအာမခံကြေးအား မြန်မာနိုင်ငံ​တော်ဗဟိုဘဏ်က အသိအမှတ်ပြုထားသည့် ဘဏ်တစ်ခုခုမှရယူ၍ တင်ဒါနှင့်အတူတင်သွင်းရမည်။ တင်ဒါအာမခံကြေး၏ သက်တမ်းမှာ တင်ဒါတည်မြဲမှုကာလ ကုန်ဆုံးသည့်နောက် (၂၈) ရက် အထိ ဖြစ်ရပါမည်။ တင်ဒါမအောင်မြင်သော တင်ဒါတင်သွင်းသူများအား တရားဝင် အကြောင်းကြားပြီးနောက် တင်ဒါအာမခံကြေးကို (၇)ရက်အတွင်း  ပြန်လည်ထုတ်ပေးမည်ဖြစ်သည်။ 

၈။      တင်ဒါအောင်မြင်ကြောင်းကြေညာပြီး (၁)လအတွင်း တင်ဒါအောင်မြင်သူသည် သက်ဆိုင်ရာဌာနနှင့် လုပ်ငန်းစာချုပ်ချုပ်ဆိုရမည်ဖြစ်ပြီး စာချုပ်ချုပ်ဆိုရန် ပျက်ကွက်ပါက တင်ဒါအာမခံကြေးအား သိမ်းယူသွားမည်ဖြစ်သည်။ 

၉။  လုပ်ငန်းတန်းဖိုး၏ (၁၀%) ကို စာချုပ်ချုပ်ဆိုပြီး (၂)ပတ်အတွင်း မြန်မာနိုင်ငံ​တော် ဗဟိုဘဏ်မှ အသိအမှတ်ပြုထားသည့် ဘဏ်တစ်ခုခုတွင် ဘဏ်အာမခံ (Bank Guarantee) ပြုလုပ်၍ လုပ်ငန်းအာမခံအဖြစ် ပေးသွင်းရမည်ဖြစ်ပြီး ယင်းသို့ ပေးသွင်းပြီးမှသာ တင်ဒါအာမခံကြေးအား ပြန်လည်ထုတ်ပေးမည်ဖြစ်သည်။ လုပ်ငန်းအာမခံကို သတ်မှတ်ချိန်အတွင်း ပေးသွင်းခြင်းမရှိပါက လုပ်ငန်းစာချုပ်အား ပယ်ဖျက်ပြီး တင်ဒါအာမခံကြေးအား သိမ်းယူသွားမည်ဖြစ်ပြီး ဒုတိယအမှတ်အများဆုံးရရှိသူနှင့် စာချုပ်ချုပ်ဆိုနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်သည်။ 

၁၀။     တင်ဒါများတင်သွင်းရာတွင် လုပ်ငန်းရှင်ကိုယ်တိုင် ( သို့ ) တင်ဒါတင်သွင်းမှုနှင့်စပ်လျဉ်း၍ အဆုံးအဖြတ်ပေးနိုင်သည့် ကိုယ်စားလှယ်မှ ကိုယ်စားလှယ်လွှဲစာနှင့်အတူ လာရောက်ပေးသွင်းရမည်။ 

၁၁။      ဈေးနှုန်းတည်မြဲရက် Validity မှာ အနည်းဆုံး (၃)လဖြစ်ရမည်။ 

၁၂။  Common Database တည်ဆောက်ခြင်းလုပ်ငန်းကို လုပ်ငန်းအပ်နှံသည့်နေ့မှ ခြောက်လအတွင်းအပြီး ဆောင်ရွက်ပေးရပါမည်။ 

၁၃။  ရွေးချယ်ခြင်းခံရသည့် ကုမ္ပဏီသည် တည်ဆဲအခွန်ဥပဒေများကို လိုက်နာရမည် ဖြစ်ပါသည်။ 

၁၄။  တင်ဒါတင်သွင်းသည့်အခါ လုပ်ငန်းအမည် (သို့) ကုမ္ပဏီအမည်ဖြင့်သာ တင်သွင်းရမည် ဖြစ်ပြီး လုပ်ငန်းရှင်ကိုယ်တိုင် (သို့မဟုတ်) ၎င်းကိုယ်စားတရားဝင် လက်မှတ်ရေးထိုးပိုင်ခွင့် ရှိသူက လုပ်ငန်းရှင်ကိုယ်စား လက်မှတ်ရေးထိုး၍ တင်သွင်းရမည်။ 

၁၅။  အထက်ပါ စည်းကမ်းချက်များအားလုံး ပြည့်စုံခြင်းမရှိပါက တင်သွင်းသည့် တင်ဒါအဆိုပြုလွှာအား လက်ခံစဉ်းစားမည်မဟုတ်ပါ။ 

၁၆။  တင်ဒါတင်သွင်းသူများ၏ ဈေးပြိုင်များကို စိစစ်ရာတွင် တင်ဒါတင်သွင်းသူများ၏ အရည်အချင်းနှင့်အတွေ့အကြုံ၊ အသုံးပြုသည့်နည်းလမ်း၊ နည်းပညာဆိုင်ရာ အချက်အလက် သတ်မှတ်ချက်များနှင့်ကိုက်ညီမှု၊ အဓိကကျသောဝန်ထမ်းများ၊ ကမ်းလှမ်းသည့်ဈေးနှုန်း စသည့် အချက်များပေါ်တွင်  အမှတ်ပေးစနစ်ကို အသုံးပြုလျက် စိစစ်ရွေးချယ်သွားမည် ဖြစ်ပါသည်။  

၁၇။  တင်ဒါတင်သွင်းသည့်ကုမ္ပဏီ (သို့မဟုတ်) လုပ်ငန်းပူးပေါင်းဆောင်ရွက်သည့်ကုမ္ပဏီသည် Telecom ကဏ္ဍ၊ Information Technology ကဏ္ဍတို့တွင် Biometric Data အသုံးပြု၍ SIM Card မှတ်ပုံတင်ခြင်း (သို့မဟုတ်) Biometric Data အသုံးပြု၍ Database စနစ်တည်ဆောက်ခြင်း (သို့မဟုတ်) Biometric Data အသုံးပြု၍ Verification စနစ်တည်ဆောက်ခြင်းနှင့် စပ်လျဉ်းသည့် လုပ်ငန်းအတွေ့အကြုံများရှိပါက အထောက်အထားများနှင့်အတူ ထည့်သွင်းတင်ပြနိုင်သည်။ 

၁၈။  ရွေးချယ်ခံရသူသည် သဘောတူစာချုပ်ချုပ်ဆိုပြီးနောက် Common Database တည်ဆောက်ခြင်းလုပ်ငန်းကို သဘောတူစာချုပ်ပါ သတ်မှတ်ရက်အတွင်း ပြီးပြတ်အောင် ဆောင်ရွက်ရမည်ဖြစ်ပြီး ဆောင်ရွက်နိုင်ခြင်းမရှိပါက နှောင့်နှေးကြေးအဖြစ် တစ်ရက်လျှင် ဆောင်ရွက်ရန်ကျန်ရှိသည့် လုပ်ငန်းတန်ဘိုး၏ (၀.၀၁%)ကို ဖြတ်တောက်ခြင်း ခံရမည်ဖြစ်ပြီး စုစုပေါင်း နှောင့်နှေးကြေးသည် လုပ်ငန်း တန်ဘိုး၏ (၁၀%) ထက်မကျော်လွန်စေရ။ လုပ်ငန်းပြီးစီးရန် သတ်မှတ်ရက်ထက် ရက်ပေါင်း (၁၀၀)ထက်ပို၍ နောက်ကျပါက  ဌာနမှပေးချေထားသည့် ငွေအားလုံးအား အပြည့်အဝ ပြန်လည် ပေးသွင်းစေ၍ လုပ်ငန်းစာချုပ်အား ဖျက်သိမ်းသွားမည် ဖြစ်သည်။  

၁၉။ တင်ဒါကော်မတီသည် အကြောင်းပြချက် တစ်စုံတစ်ရာမရှိဘဲ တင်ဒါအား ဖျက်သိမ်းပိုင်ခွင့်ရှိသည်။ 

၂၀။ (၂၉-၄-၂၀၂၀) ရက်နေ့တွင် Pre-Bid Meeting ကို ရုံးအမှတ်(၂) (သို့မဟုတ်) Online ဖြင့် ကျင်းပပြုလုပ်မည်ဖြစ်ပြီး တင်ဒါနှင့် ပတ်သက်သည့်လုပ်ငန်းစဉ်များအား  ရှင်းလင်းဆွေးနွေးသွားမည် ဖြစ်ပါသည်။ 

၂၁။  မရှင်းလင်းသည့် အချက်အလက်များအား အောက်ဖော်ပြပါလိပ်စာတွင် (၆-၅-၂၀၂၀) ရက်နေ့၊ (၁၆:၃၀) နာရီ မတိုင်မီ ရုံးချိန်အတွင်း စုံစမ်းမေးမြန်းနိုင်ပါသည်။ 

အတွင်းရေးမှူး၊ တင်ဒါလက်ခံရေးနှင့်စိစစ်ရွေးချယ်ရေးကော်မတီ 

ရုံးအမှတ်(၂) ၊ နေပြည်တော် ၊ ဖုန်း - ၀၉ ၄၅၀၀၀၀၂၂၉ 

၂၂။    အဆိုပါ Common Database စနစ် တည်ဆောက်နိုင်ရန်အတွက် အိတ်ဖွင့်တင်ဒါနှင့် စပ်လျဉ်းသည့် အချက်အလက်များအား အောက်ပါ Link တွင် Download ရယူနိုင်ပါသည်။ 

 

တင်ဒါကော်မတီ 

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန 

ရုံးအမှတ်(၂)၊နေပြည်တော် 

ဖတ်ရန် သိမ်းဆည်းရန်

Posted by ptd

Posted on April 7, 2020


Weather
NAYPYITAW WEATHER