ASEAN ICT Awards 2021 Final Judging အား မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ်ကျင်းပခြင်း

၁။      ASEAN ICT Awards 2021 ပြိုင်ပွဲသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ပြိုင်ပွဲဝင် အဖွဲ့ပေါင်း (၉၅) ဖွဲ့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါသည်။ ပြိုင်ပွဲ၏ ပဏာမအကဲဖြတ်အမှတ်ပေးခြင်း (Preliminary Judging) အဆင့်တွင် ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ (၁၈) ရက်နေ့မှ နိုဝင်ဘာလ (၂၄) ရက်နေ့အထိ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ အကဲဖြတ်များပါဝင်သည့် ဒိုင်အဖွဲ့မှ အွန်လိုင်းမှတဆင့် စိစစ်အကဲဖြတ်ခြင်းအား ဆောင်ရွက်ခဲ့ပြီး ဇကာတင်ပြိုင်ပွဲဝင် (၁၈) ဖွဲ့စာရင်းအား နိုဝင်ဘာလ (၃၀) ရက်နေ့တွင် ရွေးချယ်ခဲ့ပြီး ဖြစ်ပါသည်။

၂။ AICTA 2021 နောက်ဆုံးအဆင့် အကဲဖြတ်ခြင်း (Final Judging) ကို ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ (၁၄) ရက်နေ့မှ (၁၅) ရက်နေ့အထိ (၂) ရက်ကြာ Zoom Platform ဖြင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ Expert Judge များ၊ တရုတ်နိုင်ငံနှင့် ဂျပန်နိုင်ငံတို့မှ Industry Judge များ ပါဝင်သော အကဲဖြတ်ဒိုင်များမှ ပြုလုပ်ခဲ့ပါသည်။

၃။      AICTA 2021 Final Judging ၏ ပထမနေ့ဖြစ်သော ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် AICTA ပြိုင်ပွဲ၏ ပြိုင်ပွဲကဏ္ဍ (၆) ခုအနက်မှ ကဏ္ဍ (၄) ခုဖြစ်သည့် Public Sector၊ Private Sector၊ Corporate Social Responsibility နှင့် Digital Content တို့၏ ဇကာတင် ပြိုင်ပွဲဝင် (၁၂) ဖွဲ့၏ နောက်ဆုံးအဆင့် ယှဉ်ပြိုင်မှုအား အကဲဖြတ်ခြင်းဆောင်ရွက်ခဲ့ပြီး ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် ကျန်ရှိသည့် Startup Company ကဏ္ဍ နှင့် Research and Development ကဏ္ဍတို့၏  ဇကာတင်ပြိုင်ပွဲဝင် (၆) ဖွဲ့၏ နောက်ဆုံးအဆင့် ယှဉ်ပြိုင်မှုအား အကဲဖြတ်ခြင်းဆောင်ရွက်ခဲ့ကြပြီး ပြိုင်ပွဲအား Zoom platform ဖြင့် အောင်မြင်စွာ ကျင်းပ နိုင်ခဲ့ပါသည်။

၄။      ASEAN ICT Awards ပြိုင်ပွဲအား အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ အလှည့်ကျ ဦးစီး ကျင်းပဆောင်ရွက်လျက်ရှိရာ ၂၀၂၀ ခုနှစ်တွင် အလှည့်ကျရောက်သည့် မလေးရှားနိုင်ငံမှ AICTA 2020 ပြိုင်ပွဲအား ကျင်းပနိုင်ခြင်းမရှိခဲ့ပါသဖြင့် မလေးရှားနိုင်ငံ၏ ညှိနှိုင်းချက်အရ ASEAN ICT Awards 2021 ပြိုင်ပွဲအား မလေးရှားနိုင်ငံနှင့် မြန်မာနိုင်ငံတို့မှ ပူးတွဲ Co-Organizing Country အဖြစ်တာဝန်ယူကျင်းပခဲ့ခြင်းဖြစ်ပါသည်။       

၅။      အာဆီယံဒေသတွင်း အိုင်စီတီနည်းပညာဆိုင်ရာ တီထွင်ဆန်းသစ်မှုများကို မြှင့်တင် နိုင်ရေးအတွက် ASEAN ICT Masterplan 2015၊ ASEAN ICT Masterplan 2020 နှင့် ASEAN Digital Masterplan 2025 များကို ဖော်ဆောင်သောအားဖြင့် ASEAN Digital Ministers’ Meeting (ADGMIN) နှင့် ASEAN Digital Senior Officials’ Meeting (ADGSOM) ၏ လုပ်ငန်းစီမံချက်အောက်တွင် ASEAN ICT Awards (AICTA) ပြိုင်ပွဲအား ၂၀၁၂ ခုနှစ်မှ စတင်၍ အာဆီယံအဖွဲ့ဝင်နိုင်ငံများက အင်္ဂလိပ်အက္ခရာစဉ်အလိုက် နှစ်စဉ်အလှည့်ကျ တာဝန်ယူကျင်းပလျှက်ရှိပါသည်။

၆။      ပြိုင်ပွဲတွင် ဆုရရှိသူများ (Gold Prize, Silver Prize, Bronze Prize) စာရင်းအား ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ (၁၇) ရက်နေ့တွင် ကြေညာပေးသွားမည်ဖြစ်ပြီး ဆုရရှိသူများအား ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလတွင် မြန်မာနိုင်ငံမှ အလှည့်ကျအိမ်ရှင်အဖြစ် Virtually ကျင်းပပြု လုပ်မည့် ဒုတိယအကြိမ်မြောက် အာဆီယံဒီဂျစ်တယ်ဆိုင်ရာဝန်ကြီးများ အစည်းအဝေးတွင် ဆုချီးမြှင့်ပေးသွားမည်ဖြစ်ပါသည်။

၇။      မြန်မာနိုင်ငံမှ ဦးစီးကျင်းပသော ASEAN ICT Awards 2021 ပြိုင်ပွဲတွင် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနနှင့်အတူ မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်မှ ဥက္ကဋ္ဌ ဦးဆောင်သည့် ပညာရှင်အဖွဲ့မှလည်း ပူးပေါင်း ပံ့ပိုးပါဝင်ဆောင်ရွက်ကြပါသည်။

Posted by ptd

Posted on December 16, 2021


Weather
NAYPYITAW WEATHER