အာရှ-ပစိဖိတ်ကြေးနန်းဆက်သွယ်ရေးအဖွဲ့ချုပ်၏ အိုင်စီတီဆိုင်ရာဝန်ကြီးများအစည်းအဝေး ၂၀၁၉ နှင့် Straits Digital Exchange သို့ ပြည်ထောင်စုဝန်ကြီး ဉီးသန့်စင်မောင် တက်ရောက်

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်သည် အာရှ-ပစိဖိတ်ကြေးနန်းဆက်သွယ်ရေးအဖွဲ့ချုပ်(APT)၏ အိုင်စီတီဆိုင်ရာဝန်ကြီးများ အစည်းအဝေး ၂၀၁၉ သို့ တက်ရောက်၍ အာရှ-ပစိဖိတ်ဒေသအတွင်း အိုင်စီတီကဏ္ဍတွင် ပိုမိုပူးပေါင်းဆောင်ရွက်နိုင်စေရေးရည်ရွယ်လျက် Digital Transformation, Digital Innovation and Creativity, Digital Community, Digital Thrust နှင့် Digital Capacity Building and Partnership ဆိုင်ရာ ကိစ္စရပ်များအား ပူးပေါင်းဆောင်ရွက်သွားနိုင်ရေး အခြားအာရှ-ပစိဖိတ်ဒေသဆိုင်ရာ အိုင်စီတီ ဝန်ကြီးများနှင့်အတူ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်၍ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ် များနှင့်စပ်လျဉ်း၍ ဆွေးနွေးပြောကြားခဲ့ပါသည်။ အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးသည် Digital Transformation, Digital Innovation and Creativity ခေါင်းစဉ်ဖြင့်  မြန်မာနိုင်ငံ၏ တိုးတက်ဖြစ်ပေါ်ဆောင်ရွက်နေမှုများ၊ ကြုံတွေ့လျက်ရှိသည့်စိန်ခေါ်မှုများကို  Speakerတစ်ဉီးအဖြစ် ပါဝင်မျှဝေဆွေးနွေးခဲ့ပါသည်။

အဆိုပါအစည်းအဝေးသည် (၅)နှစ်လျှင်တစ်ကြိမ်ကျင်းပသော  အစည်းအဝေးတစ်ခုဖြစ်ပြီး ယခုနှစ်သည် အာရှ-ပစိဖိတ်ကြေးနန်းဆက်သွယ်ရေးအဖွဲ့ချုပ်(APT)အား ဖွဲ့စည်းတည်ထောင်ခဲ့သည့် နှစ်(၄၀) ပြည့်မြောက်သည့် နှစ်ပတ်လည်ကာလနှင့်လည်း တိုက်ဆိုင်လျက်ရှိပါသည်။ အစည်းအဝေး ကို  စင်္ကာပူနိုင်ငံ၊ စင်္ကာပူမြို့တွင် ၂၀၁၉ ခုနှစ်၊ ဇွန်လ (၂၅) ရက်မှ (၂၆) ရက်နေ့အထိ ကျင်းပခဲ့ရာ အာရှ-ပစိဖိတ်ကြေးနန်းဆက်သွယ်ရေးအဖွဲ့ဝင်နိုင်ငံများမှ ဆက်သွယ်ရေးနှင့်သတင်းအချက်အလက် နည်းပညာဆိုင်ရာဝန်ကြီးများ၊ ဒုတိယဝန်ကြီးများနှင့် အပြည်ပြည်ဆိုင်ရာကြေးနန်းအဖွဲ့ချုပ် (ITU) မှ အထွေထွေအတွင်းရေးမှူးချုပ်နှင့် UNESCAP(United Nations Economic and Social Commission for Asia and the Pacific) တို့မှ တာဝန်ရှိသူများအပါအဝင် စုစုပေါင်းကိုယ်စားလှယ် (၂၀၀) ကျော် ခန့် တက်ရောက်ခဲ့ကြပါသည်။

အစည်းအဝေးတွင် ၂၀၁၄ ခုနှစ် အာရှ-ပစိဖိတ်ကြေးနန်းဆက်သွယ်ရေးအဖွဲ့ချုပ် (APT) ၏ ဘရူနိုင်းကြေညာစာတမ်းအပေါ် ဆောင်ရွက်နိုင်မှုအခြေအနေများသုံးသပ်ခြင်း၊ ရှေ့ဆက်လက် ဆောင်ရွက်မည့် (၅)နှစ်တာကာလအတွက် စုပေါင်းအကောင်အထည်ဖော်ဆောင်ရွက်နိုင်မည့် အစီအမံများကို ဆွေးနွေးခြင်း၊ ဒစ်ဂျစ်တယ်နည်းပညာဖြင့် လွှမ်းခြုံချိတ်ဆက်မှုရှိသော အာရှ-ပစိဖိတ် ဒေသ ဖြစ်လာစေရေးအတွက် တိုးတက်ပြောင်းလဲလာသော ဒစ်ဂျစ်တယ်နှင့် အိုင်စီတီနည်းပညာ များနှင့်ကိုက်ညီသည့် ရည်မှန်းချက်ပန်းတိုင်သစ်(၅)ရပ် ချမှတ်ခြင်း၊ ဆက်သွယ်ရေးနှင့် သတင်း အချက်အလက်ကဏ္ဍဖွံဖြိုးတိုးတက်မှုများနှင့်  ပြောင်းလဲတိုးတက်လာသည့် နည်းပညာဆိုင်ရာ ကိစ္စရပ်များအပေါ် အမြင်များဆွေးနွေးဖလှယ်ခြင်း၊ စင်္ကာပူကြေညာစာတမ်းထုတ်ပြန်ခြင်း စသည်များ ဆောင်ရွက်ခဲ့ကြပါသည်။

အစည်းဝေးကာလအတွင်း ဇွန်လ(၂၅)ရက်နေ့တွင် စင်္ကာပူသမ္မတနိုင်ငံ သမ္မတ Her Excellency Madam Halimah Yacob က တည်ခင်းဧည့်ခံသည့် ဂုဏ်ပြုညစာစားပွဲသို့လည်း အခြားအာရှ-ပစိဖိတ်ဒေသဆိုင်ရာ အိုင်စီတီဝန်ကြီးများ၊ ဧည့်သည်တော်များနှင့်အတူ တက်ရောက် ခဲ့ပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ဇွန်လ (၂၇) ရက်နေ့တွင် တစ်ဆက်စပ်တည်း ကျင်းပပြုလုပ်သည့် Digital Straits Exchange ဝန်ကြီးအဆင့် တံခါးပိတ်ဆွေးနွေးပွဲသို့ အခြား အာရှ-ပစိဖိတ်ကြေးနန်းဆက်သွယ်ရေးအဖွဲ့ချုပ် အဖွဲ့ဝင်နိုင်ငံများမှ ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ သီးခြားဖိတ်ကြားထားသူများနှင့်အတူ တက်ရောက်ခဲ့ပါသည်။ ဆွေးနွေးပွဲအပြီးတွင် ပြည်ထောင်စု ဝန်ကြီးသည် အခမ်းအနားသို့ တက်ရောက်လာသူများနှင့်အတူ Advance Remanufacturing and Technology Center(ARTC) သို့ သွားရောက်၍ သုတေသနပြုလုပ်မှုနေမှုများအား လှည့်လည် ကြည့်ရှုလေ့လာခဲ့ပြီး ဇွန်လ(၂၈)ရက်နေ့တွင် မြန်မာအမျိုးသားလေကြောင်းဖြင့် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိခဲ့ကြောင်း သတင်းရရှိပါသည်။

Posted by ptd

Posted on July 1, 2019


Weather
NAYPYITAW WEATHER