ASEAN Cyberkids Camp (ACC) 2021 ပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ တက်ရောက်ယှဉ်ပြိုင်ခဲ့သည့် ပြိုင်ပွဲဝင် ကျောင်းသား/ကျောင်းသူတို့မှ တတိယဆုရရှိ

ASEAN Cyberkids Camp (ACC) 2021 ပြိုင်ပွဲအား အာဆီယံအဖွဲ့ဝင်နိုင်ငံများ အတွင်းရှိ လူငယ်ကျောင်းသား၊ ကျောင်းသူများအနေဖြင့် သတင်းအချက်အလက်နှင့်နည်းပညာ ဖွံ့ဖြိုးတိုးတက်စေရန်၊ ယဉ်ကျေးမှုနှင့်ရိုးရာဓလေ့ထုံးစံများ အချင်းချင်းနှီးနှောဖလှယ်ခြင်းကို မြှင့်တင်စေရန်၊ လူမှုရေးနှင့်လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်မှုတို့တွင် အရှိန်အဟုန်မြှင့်တင်ပေးရန်၊ ICT အကြောင်းအရာဘာသာရပ်များတွင် ထိုးထွင်းတီထွင်ဖန်တီးမှု၊ အသုံးချတတ်မှုတိုးမြှင့်စေရန်နှင့် အာဆီယံဒေသများအတွင်း အကျိုးပြုစေမည့် ပေါင်းစပ်ဖန်တီးမှု၏ ကြိုးစားမှုရလာဒ်များဖြင့် ဒစ်ဂျစ်တယ်ဆိုင်ရာကွာဟချက်များကို ကျဉ်းမြောင်းစေရန်ရည်ရွယ်၍ အာဆီယံအိုင်စီတီဆိုင်ရာအဆင့်မြင့်အရာရှိကြီးများ၏ အိုင်စီတီတိုးတက်မှုဆိုင်ရာလုပ်ငန်းဆောင်ရွက်မှုအဖြစ် နှစ်စဉ်ကျင်းပဆောင်ရွက်လျက်ရှိပါသည်။ ASEAN Cyberkids Camp 2021  (ACC 2021) ပြိုင်ပွဲအား ကမ္ဘောဒီးယားနိုင်ငံ၊ Ministry of Infor- mation and Communications မှ ကြီးမှူး၍ ၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၂၈ ရက်နေ့ တွင် Via Virtual Meeting ဖြင့် ကျင်းပခဲ့ပါသည်။ ပြိုင်ပွဲသို့ မြန်မာနိုင်ငံအပါအဝင် အာဆီယံအဖွဲ့ဝင် (၁၀) နိုင်ငံတို့မှ ပြိုင်ပွဲဝင် (၂) ဦးစီနှင့် ကြီးကြပ်အုပ်ချုပ်သူ ဆရာ/ဆရာမ (၁) ဦးစီဖြင့် စုစုပေါင်း (၃၀) ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြပါသည်။

       မြန်မာနိုင်ငံအနေဖြင့် အဆိုပါ ACC 2021 ပြိုင်ပွဲသို့ ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနအောက်ရှိ ပဲခူးတိုင်းဒေသကြီး (အရှေ့)၊ ဖြူးမြို့နယ်၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းမှ ဆရာဦးသော်ဇင်အောင် ကြီးကြပ်၍ ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်၊ မြန်ပြည်သားကောင်းကိုယ်ပိုင်ကျောင်းမှ ပဉ္စမတန်းကျောင်းသား မောင်အောင်စွမ်းပြည့် နှင့် ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့နယ်၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းမှ ပဉ္စမတန်းကျောင်းသူ မရွှေပြည့်ပြည့်တို့က Online Virtual ဖြင့် နိုင်ငံကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်ပါသည်။ ပြိုင်ပွဲတွင် မြန်မာနိုင်ငံက ကျောင်းသား၊ ကျောင်းသူများတို့က တတိယဆု (ကြေးတံဆိပ်) ကို ရရှိခဲ့ပါကြောင်းနှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနက ASEAN Cyberkids Camp (ACC) 2021 ပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြု ပါဝင်ယှဉ်ပြိုင်ခဲ့သည့် မောင်အောင်စွမ်းပြည့်နှင့် မရွှေပြည့်ပြည့်တို့၏ နိုင်ငံကိုယ်စားပြု တတိယဆု (ကြေးတံဆိပ်) ရရှိခဲ့ခြင်းအပေါ် ဂုဏ်ယူဝမ်းမြောက်စွာ ဖော်ပြအပ်ပါသည်။

Posted by ptd

Posted on September 30, 2021


Weather
NAYPYITAW WEATHER