(၅၅) ကြိမ်မြောက် နိုင်ငံတကာလူငယ်များပေးစာရေးပြိုင်ပွဲ (ပြည်တွင်းအဆင့်) ဆုရရှိသူများ အမည်စာရင်းကြေညာခြင်း

ကမ္ဘာ့စာပို့တိုက်သမဂ္ဂ (ယူပီယူ) တည်ထောင်သည့် ၁၈၇၄ ခုနှစ်၊ အောက်တိုဘာလ (၉) ရက်နေ့မှစ၍ နှစ်စဉ်အောက်တိုဘာလ (၉) ရက်နေ့ကို ကမ္ဘာ့စာပို့တိုက်နေ့အဖြစ် သတ်မှတ်၍ အထိမ်းအမှတ်အခမ်းအနားများကျင်းပခဲ့ရာ အဖွဲ့ဝင်နိုင်ငံဖြစ်သည့် မြန်မာနိုင်ငံအနေဖြင့်လည်း နှစ်စဉ်ပါဝင်ကျင်းပလျက်ရှိပါသည်။ ကမ္ဘာ့စာပို့တိုက်သမဂ္ဂ နှင့် ကုလသမဂ္ဂ၏ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့အစည်း (UNESCO) တို့၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် ၁၉၇၁ ခုနှစ်မှစတင်၍ အသက် (၉) နှစ်ပြည့်ပြီး အသက် (၁၅) နှစ်နှင့်အောက် နိုင်ငံတကာလူငယ်များပေးစာရေးပြိုင်ပွဲကို ကမ္ဘာနှင့်တစ်ဝန်း နှစ်စဉ်ကျင်းပလေ့ရှိရာ ယခု ၂၀၂၆  ခုနှစ်တွင် (၅၅) ကြိမ်မြောက် ရောက်ရှိခဲ့ပြီဖြစ်ပါသည်။

၂၀၂၆ ခုနှစ် ကမ္ဘာ့စာပို့တိုက်နေ့အထိမ်းအမှတ်အဖြစ် ကျင်းပသော အသက် (၉) နှစ်ပြည့်ပြီး အသက်(၁၅)နှစ်နှင့်အောက် နိုင်ငံတကာလူငယ်များပေးစာရေးပြိုင်ပွဲကို မြန်မာနိုင်ငံမှကျောင်း သား/ကျောင်းသူများ ပါဝင်ယှဉ်ပြိုင်နိုင်ရန်အတွက် ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနနှင့် ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန တို့ပူးပေါင်း၍ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၇ ရက်နေ့တွင် မြန်မာနိုင်ငံတစ်ဝန်းရှိ အခြေခံပညာကျောင်းများတွင် ကျင်းပခဲ့ပါသည်။ ပြိုင်ပွဲဝင်ရမည့် ခေါင်းစဉ်မှာ “ Write a letter to a friend about why human connection matters in a digital world.” (ဒစ်ဂျစ်တယ်ကမ္ဘာကြီးတွင် လူသားအချင်းချင်းဆက်သွယ်မှုသည် မည်သည့်အတွက်ကြောင့် အရေးကြီးကြောင်းကို သူငယ်ချင်းတစ်ဦးထံသို့ ပေးစာတစ်စောင်ရေးသားရန်) ခေါင်းစဉ်ဖြင့် သက်ဆိုင်ရာတိုင်းဒေသကြီး / ပြည်နယ် ပညာရေးမှူးရုံးများ၏ အစီအစဉ်ဖြင့်ကျင်းပခဲ့ပြီး ဖြေဆိုသူ ကျောင်းသား / သူ စုစုပေါင်း (၄၀၃) ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ပါသည်။

တိုင်းဒေသကြီး / ပြည်နယ်တို့မှပေးပို့လာသည့် ပြိုင်ပွဲဝင်စာမူ (၆၅) စောင်ကို ပညာရေးဝန်ကြီးဌာနနှင့် ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနတို့မှ ပူးပေါင်းပါဝင်သည့် အကဲဖြတ်အဖွဲ့ဖြင့် စိစစ်အကဲဖြတ်ခဲ့ပြီး ပြိုင်ပွဲဝင်စာမူများထဲမှ ပြည်တွင်းအဆင့် ပထမဆု ကို ရခိုင်ပြည်နယ် စစ်တွေမြို့၊ အ-ထ-က (၄) Grade-8 မှ မပြုံးသက်ပိုင်ထွန်း ကလည်းကောင်း၊ ဒုတိယဆုကို နေပြည်တော် ပျဉ်းမနားမြို့၊ ပညာပန်းတိုင်ကိုယ်ပိုင်အထက်တန်းကျောင်း Grade-6 မှ မစုမြတ်နဒီ ကလည်းကောင်း၊ တတိယဆုကို ပဲခူးတိုင်းဒေသကြီး(အနောက်) ပေါင်းတည်မြို့နယ်၊ အ-လ-က(ခွဲ)-မှတ်တိုင်လမ်း Grade-6 မှ မဖြိုးရတနာဇော် ကလည်းကောင်း၊ အထူးဆုကို မွန်ပြည်နယ် မော်လမြိုင်မြို့၊  အ-ထ-က(၆)  Grade-9 မှ  မအေးယမုံသွယ်  တို့ကလည်းကောင်းရရှိခဲ့ပါသည်။

အဆိုပါ အကဲဖြတ်အဖွဲ့၏ စိစစ်ရွေးချယ်ချက်အရ ပြည်တွင်းအဆင့် ပထမဆုရစာမူကို ယူပီယူမှ ကျင်းပသည့် နိုင်ငံတကာလူငယ်များပေးစာရေးပြိုင်ပွဲသို့ ပေးပို့ယှဉ်ပြိုင်ထားပြီး ဖြစ်ပါကြောင်း ထုတ်ပြန်ကြေညာပါသည်။

ဖတ်ရန် သိမ်းဆည်းရန်

Posted on September 22, 2026


Weather
NAYPYITAW WEATHER